ထွေလာဆန်းပြား လိင်ဆောင်းပါး ပျိုမေတို့အတွက် လစဉ်သုံးပစ္စည်းဆိုင်ရာ ဗဟုသုတများ
ယနေ့ခေတ်လို ၂၁ ရာစုရဲ့ သက္ကရာဇ်တွေမှာ အရာရာဟာ တိုးတက်မှုတွေ ပြောင်းလဲမှုတွေ ဖြစ်ပေါ်လာပြီး ကျား မ ခွဲခြားဆက်ဆံခြင်းတွေ မရှိတော့ဘဲ အမျိုးသမီးတို့ဟာ အမျိုးသားတို့နဲ့အတူ အရာရာမှာ ရင်ဘောင်တန်းနေကြပါပြီ။
အလားတူ ရာသီလာခြင်းကိစ္စကိုလည်း အမျိုးသမီးတို့ရဲ့ ပုံမှန်လုပ်ငန်းဆောင်တာတစ်ရပ်အဖြစ် ရှုမြင်ထားကြပါပြီ။ ခေတ်၊ စနစ်နဲ့ အညီ တိုးတက်ပြောင်းလဲလာတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းတွေရဲ့အကြောင်း ဗဟုသုတ ဖြစ်စေရန်အလို့ငှာ သိလိုရာမေးက မျှဝေလိုက်ရပါတယ်။
အမျိုးသမီးလစဉ်သုံးပစ္စည်းကို တစ်ခါသုံး(Disposable) အမျိုးအစားနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့ (Reuseable) အမျိုးအစား စသဖြင့် (၂) မျိုးခွဲခြားဝယ်ယူနိုင်မှာပါ။ Sanitary Napkin/ Pad၊ Tampon၊ နဲ့ Panty Liner တို့က တစ်ခါသုံး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေပါ။ တစ်ခါသုံး အမျိုးသမီးလစဉ်သုံးပစ္စည်းတွေထဲ အသုံးအများဆုံးကတော့ အမျိုးသမီးလစဉ်သုံးပစ္စည်း (Pad) ဖြစ်ပါလိမ့်မယ်။ Tampon ဆိုတာ ပြင်သစ်စကားဖြစ်တဲ့ Tampion ကဆင်းသက်လာတာပါ။ အပေါက်ဝတစ်ခုကို ပိတ်ဆို့တဲ့ ပစ္စည်းလို့ အဓိပ္ပာယ်ရပါတယ်။ Tampon က ဂွမ်းခြောက်အတောင့်ပါ။ အမျိုးသမီးအများစု ရာသီလာတဲ့အခါမှာ Pad ကို အသုံးပြုလေ့ရှိပေမယ့် ရေထဲဆင်းရမယ့်အချိန်တွေ၊ အားကစားလုပ်ရမယ့်အချိန်တွေနဲ့ ခရီးသွားတဲ့ အချိန်တွေမျိုးမှာ Tampon ကို အသုံးပြုသင့်ပါတယ်။ Panty Liner က နေ့စဉ်အသုံးပြုလို့ရတဲ့ ပါးလွှာတဲ့ Daily
Pad အမျိုးအစားပါ။ လစဉ်သုံး Pad လို မထူပါဘူး။ ပေါ့ပေါ့ပါးပါးနဲ့ နေသာထိုင်သာရှိပါတယ်။ အမျိုးသမီးအများစုဟာ နေ့စဉ်လှုပ်ရှားသွားလာနေတဲ့အခါမျိုးမှာ ပင်ပန်းမှု၊ နွမ်းနယ်မှုကြောင့် (အနည်းနဲ့အများ) အဖြူဆင်းလေ့ရှိတတ်ကြပါတယ်။ ဒီအခါမျိုးမှာ Panty Liner ကို အသုံးပြုခြင်းဖြင့် အတွင်းခံကို စွန်းထင်းပေကျံတာမျိုးတွေ မရှိသလို ကိုယ့်ကိုယ်ကိုယ်လည်း ယုံကြည်မှုအပြည့်ရှိနေစေမှာပါ။
ပြန်လည်အသုံးပြုနိုင်တဲ့ (Reuseable) အမျိုးအစားမှာ Menstrual Cup၊ Cloth Menstrual Pad၊ Period Panties၊ နဲ့ Sponges တို့ရှိကြပြီး ၎င်းတို့ထဲမှာ ယနေ့ခေတ်မီတဲ့ လေဒီတို့ အသုံးပြုမှုများလာကြတဲ့ Menstrual Cup အကြောင်းကို ပြောပြရရင် ရာဘာ (ဒါမှမဟုတ်) စီလီကွန်နဲ့ ပြုလုပ်ထားတဲ့ အမျိုးသမီးလစဉ်သုံးပစ္စည်းဖြစ်ပြီး ရာသီခွက်/ဓမ္မတာခွက်လို့ ဆိုရပါမယ်။ Tampon လိုပဲ မိန်းမကိုယ်ထဲ ထိုးသွင်းရပါတယ်။ ရာသီလာတဲ့ သွေးတွေဟာ Menstrual Cup ထဲမှာ စုနေမှာပါ။
ခွက်ဖြစ်တာနဲ့အညီ Tampon ၊ Pad တို့ထက် ရာသီသွေးကို ပိုသိမ်းဆည်းထားနိုင်ပါတယ်။ တစ်ခါထည့်ထားပြီး ၁၂ နာရီကြာ အသုံးပြုနိုင်ပါတယ်။ ပြန်ဆေးပြီး အသုံးပြုလို့ရနိုင်တဲ့အတွက် ပတ်ဝန်းကျင်သန့်ရှင်းမှုအတွက် တစ်ဖက်တစ်လမ်းက အထောက်အကူပြုပါတယ်။
ဒီလောက်ဆိုရင် အမျိုးသမီးလစဉ်သုံးပစ္စည်း ဗဟုသုတနဲ့ ပတ်သက်ပြီး အတော်အသင့် ပြည့်ပြည့်စုံစုံ နားလည်သွားကြမှာပါ။