နက်နက်ရှိုင်းရှိုင်းလေ့လာမယ် မလာစေချင်တဲ့ ဘီလူး (၈) ကောင် ; လိင်အင်္ဂါပိုးဝင်ခြင်း
သိလိုရာမေးကနေ လတိုင်းတင်ဆက်ပေးနေကြဖြစ်တဲ့ လိင်ဆက်ဆံခြင်းမှတဆင့် ကူးစက်တတ်တဲ့ ဘီလူး (၈) ကောင်ထဲက နောက်ဆုံးဘီလူးကတော့ Protozoan Viginalis လို့ခေါ်တဲ့ ကပ်ပါးကောင်ကြောင့်ဖြစ်တဲ့ လိင်အင်္ဂါပိုးဝင်တာပဲဖြစ်ပါတယ်။
အတွေ့များတဲ့ လိင်ကူးစက်ရောဂါတစ်မျိုးဖြစ်ပြီး ကုသလို့ ပျောက်ကင်းနိုင်ပါတယ်။ အမျိုးသားတွေထက် အမျိုးသမီးတွေမှာ အဖြစ်များတဲ့ ရောဂါဖြစ်တာကြောင့် ရောဂါလက္ခဏာတွေက အမျိုးသမီးတွေမှာသာ တွေ့ရပြီး အမျိုးသားတွေမှာတော့ ကူးစက်ခံရပြီးတဲ့နောက်ပိုင်းမှာ ရောဂါလက္ခဏာမပြဘဲ နေတတ်ပါတယ်။
ဘယ်လို ကူးစက်ခံရနိုင်လဲ?
STIs ဆိုတဲ့အတိုင်း အများစုကတော့ လိင်ဆက်ဆံတဲ့အခါမှာ ရောဂါပိုးရှိသူရဲ့ အရေပြားကို ထိတွေ့မိတာကနေ ကူးစက်နိုင်ပါတယ်။ အမျိုးသမီးတွေမှာဆို မိန်းမကိုယ်၊ သားအိမ် နဲ့ ဆီးလမ်းကြောင်းတွေကို အများဆုံးကူးစက်မှုခံရနိုင်ပြီး အမျိုးသားတွေမှာဆိုရင်တော့ လိင်တံရဲ့ အတွင်းပိုင်းမှာ ရှိတဲ့ ဆီးလမ်းကြောင်းကို တိုက်ရိုက်ကူးစက်နိုင်ပါတယ်…
ရောဂါလက္ခဏာများ
ရောဂါလက္ခဏာတွေအနေနဲ့ကတော့ အမျိုးသားရော အမျိုးသမီးပါ ဆီးသွားတဲ့အခါ လိင်အင်္ဂါကနေ နာကျင်မယ်၊ ဆီးပူမယ်၊ ဆီးကျင် ဆီးအောင့်ဖြစ်မယ်၊ အမျိုးသားတွေမှာဆိုရင် လိင်တံကနေ သွေးနဲ့ မူမမှန်တဲ့ အရည်တွေ ထွက်လာမယ်၊ အမျိုးသမီးတွေမှာဆိုရင်တော့ မိန်းမကိုယ်ကနေ အရောင်နဲ့ အနံ့ဆိုးပြီး မူမမှန်တဲ့ အဖြူဆင်းတာမျိုးတွေ ရှိနိုင်ပါတယ်။
ကာကွယ်မှုနဲ့ ကုသမှုနည်းလမ်းများ
ဒီလိုမျိုး လိင်ကနေတဆင့်ကူးစက်တတ်တဲ့ ရောဂါတွေကို ကာကွယ်နိုင်ဖို့ဆိုရင် လိင်ဆက်ဆံတိုင်း ကွန်ဒုံးလိုမျိုး အကာအကွယ်နဲ့ ဆက်ဆံသင့်ပါတယ်။ လိင်ဆက်ဆံဖော်အများကြီးရှိသူဆိုရင် ရောဂါကူးစက်နိုင်ရချေများတဲ့အတွက် ကိုယ်နဲ့ အချိန်အတိုင်းအတာတစ်ခုထိ ဆက်ဆံနေသူနဲ့သာ အတူနေနိုင်ရင်တော့ အကောင်းဆုံးပါပဲ။
ကုသမှုနည်းလမ်းအနေနဲ့ကတော့ ရောဂါအခြေအနေပေါ်မူတည်ပြီး ပိုးသတ်ဆေး နဲ့ ပဋိဇီဝဆေး တွေကို ဆရာဝန်ရဲ့ ညွှန်ကြားချက်နဲ့တကွ သောက်ရင်တော့ ပျောက်ကင်းနိုင်ပါတယ်။ ဒါပေမယ့် ရောဂါပိုး တစ်ခါကူးစက်ခံရဖူးသူအနေနဲ့ ထပ်မံကူးစက်နိုင်ရချေများတဲ့အတွက် ပျောက်ကင်းသွားသည့်တိုင်အောင် ရောဂါပိုးရှိ မရှိ စစ်ဆေးမှုတွေ ပြုလုပ်သင့်ပါတယ်။