fbpx

ဒေါက်တာဒိအားမေးရန်

ဒေါက်တာဒိအားမေးရန် : သုံးလခံထိုးဆေးအကြောင်း တစေ့တစောင်း

အများသိကြတဲ့ Lydia ရဲ့ Andalan လိုမျိုး သုံးလခံထိုးဆေးဆိုတာကတော့ ဆေးပညာအရ Depo Provera Injection လို့ခေါ်ပြီး ပရိုဂျက်စတိုဂျင်ဆိုတဲ့ ဟော်မုန်းတစ်မျိုးပါတဲ့ သားဆက်ခြားထိုးဆေးဖြစ်ပါတယ်။

တစ်ခါထိုးပြီးရင် ကိုယ်ဝန်ကို ၁၂ ပတ်အထိ တားပေးနိုင်ပြီး သူ့ရဲ့ လုပ်ဆောင်ချက်ကတော့ အမျိုးသမီးတွေရဲ့ သားအိမ်နံရံကို ထူသွားစေပြီး သားဉအိမ်ကနေ မျိုးဉကြွေတာကို အဓိက တားဆီးပေးတာပဲဖြစ်ပါတယ်။

သုံးလခံထိုးဆေးကို အသုံးပြုသင့်သူများ

  • နေ့စဉ်သောက်ဆေးသောက်ဖို့ အဆင်မပြေသူအမျိုးသမီးများ
  • နှစ်ရှည်ခံသားဆက်ခြားနည်းများကို မသုံးစွဲချင်သူအမျိုးသမီးများ

သုံးလခံထိုးဆေးကို အသုံးမပြုသင့်သူများ

  • ရင်သားကင်ဆာဖြစ်ပွားနေသူအမျိုးသမီးများ
  • သားဆက်ခြားနည်းလမ်းကို ရပ်နားပြီးတာနဲ့ ကလေးတန်းယူဖို့ စိတ်ကူးထားသူအမျိုးသမီးများ

အစွမ်းထိရောက်မှုနှုန်း

သုံးလခံထိုးဆေးကတော့ တစ်ခါထိုးထားပြီးရင် ကိုယ်ဝန်တားနိုင်စွမ်းက ၉၇ ရာခိုင်နှုန်းရှိပါတယ်။ ဆိုလိုတာကတော့ အသုံးပြုသူအမျိုးသမီးအယောက်တစ်ရာမှာ ၃ယောက်ကတော့ ကိုယ်ဝန်ရနှုန်းရှိပါတယ်။

ဒါပေမယ့် မစိုးရိမ်ပါနဲ့!! အမျိုးသမီးတွေအနေနဲ့ ၁၂ ပတ် တစ်ခါ ရက်ချိန်း ပြည့်တာနဲ့ သတိတရပြန်ထိုးမယ်ဆိုရင် ကိုယ်ဝန်တားနှုန်းက ၉၉ ရာခိုင်နှုန်းထိရှိပါတယ်။

ရာသီစက်ဝန်းကို သက်ရောက်မှုနှုန်း

အမျိုးသမီးတွေအနေနဲ့ သုံးလခံသားဆက်ခြားထိုးဆေးကို ပထမဆုံးအကြိမ်စထိုးထိုးချင်းမှာပဲ ရာသီသွေးဆင်းချိန်မမှန်တာမျိုးတွေ၊ ရာသီသွေးဆင်းတာ ရက်ရှည်ကြာတာမျိုးတွေ ကြုံတွေ့ရနိုင်ပါတယ်။

ရက်ချိန်း ၄ခါနဲ့အထက် ထိုးပြီးတဲ့ ၇၀ ရာခိုင်နှုန်းသော အမျိုးသမီးတွေကတော့ ရာသီသွေးဆင်းတာမရှိတော့တာမျိုး ကြုံတွေ့ရနိုင်ပါတယ်။ ဒီလိုဖြစ်တာက ထိုးဆေးထဲမှာပါတဲ့ ဟော်မုန်းကြောင့်ဖြစ်တဲ့အတွက် စိုးရိမ်စရာမလိုပါဘူး။

 

ထိုးဆေးရပ်ပြီးရင် ကိုယ်ဝန်ရဖို့ဘယ်လောက်စောင့်ရမလဲ?

အမျိုးသမီးတွေရဲ့ သားအိမ်ကနေ မျိုးဉကြွေတာမှန်ပြီး မျိုးအောင်နိုင်ဖို့ဆိုရင် အချိန်ကာလတစ်ခုကတော့ စောင့်ရလေ့ရှိပါတယ်။ သဘောတရားကတော့ သားဆက်ခြားထိုးဆေးကို အသုံးပြုတာရပ်ပြီး ကိုယ်ဝန်ရဖို့ဆိုရင် အနည်းဆုံး ၆လကနေ ၁ နှစ်အထိ စောင့်ရနိုင်ပါတယ်။

ဒါကြောင့်မို့လို့ မကြာသေးခင်အချိန်မှာ ကလေးယူဖို့ စိတ်ကူးထားတဲ့ အမျိုးသမီးဆိုရင်တော့ တခြားသော သားဆက်ခြားနည်းလမ်းကို အသုံးပြုသင့်ပါတယ်။

အားသာချက်

အားသာချက်အနေနဲ့ကတော့ နေ့စဉ်သောက်ဆေးလို မေ့လို့ အချိန်မှန်မှန်မသောက်မိတာမျိုး မဖြစ်တဲ့အတွက် လွယ်ကူသက်သာမယ်။ ၉၉ ရာခိုင်နှုန်းအထိ ကိုယ်ဝန်ကို ထိထိရောက်ရောက်တားပေးနိုင်မယ်။ ရာသီလာချိန်မှာ ခံစားရမယ့် ဝေဒနာတွေကို လျှော့ချပေးနိုင်တယ်။

အားနည်းချက်

အားနည်းချက်အနေနဲ့ သာမန်ကြုံတွေ့ရတဲ့ စိတ်အပြောင်းအလဲမြန်တာမျိုးတွေ နဲ့ ခေါင်းမူး ခေါင်းကိုက်ဝေဒနာမျိုးတွေကို ရံဖန်ရံခါ ခံစားရနိုင်ပါတယ်။

Facebook Comments
Public Comments

Sex topics

searchဆက်လက်ရှာဖွေမည်

မေးခွန်းမေးရန်

သာယာမှုအထွတ်အထိပ် လိင်ဆက်ဆံခြင်းရဲ့ သော့ချက်တွေကဘာလဲ? သင့်ရဲ့စူးစမ်းရှာဖွေလိုမှုတွေကိုဖြေဆိုဖို့ ဒေါက်တာဒိနဲ့ ကျွန်မတို့အဖွဲ့က ဖြေဆိုဖို့ အသင့်ရှိပါတယ်

အမည်မဖော်ပဲမေးရန် ဖေ့ဘုတ်ပေ့ချ်တွင်မေးရန်

ထုတ်ကုန်များ

© ၂၀၁၈ ဒီကေတီ မှ မူပိုင်ခွင့်များရယူပြီးဖြစ်သည်။ သိလိုရာမေးသည် သတင်းအချက်အလက်နှင့် ပညာပေးစာမျက်နှာသက်သက်ဖြစ်ပြီး ဆေးဝါးနှင့်ကုသမှုဆိုင်ရာ ညွှန်းဆိုခြင်းများ မပြုပါ။